(1) 2024 December JLPT စာမေးပွဲနှင့် ပတ်သက်၍ အထူးသတိပြုရန် (2) 2024 December JLPT စာမေးပွဲအတွက် နာမည်၊ မွေးသက္ကရာဇ် နှင့် ကျား/မ အမှားပြင်ဆင်လိုသူများနှင့်ပတ်သတ်၍
(1) 2024 December JLPT စာမေးပွဲနှင့် ပတ်သက်၍ အထူးသတိပြုရန် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့တွင် ကျင်းပမည့် JLPT စာမေးပွဲအတွက် Online မှ လျှောက်လွှာ တင်ထားသူများ အနေဖြင့် သတ်မှတ်ရက် (၁.၁၁.၂၀၂၄)ရက်နေ့မှ (၁.၁၂.၂၀၂၄)ရက်နေ့ အထိ Online System မှတစ်ဆင့် စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများအား Download ရယူနိုင်ပြီး၊ အဆိုပါကတ်ပြားအား Color Print ထုတ်၍ စာဖြေဌာနသို့ ယူဆောင်လာရမည် ဖြစ်ပါသည်။ (Manual Test Voucher) ကတ်ပြားများအား (၂၈.၁၀.၂၀၂၄) ရက်နေ့ နောက်ဆုံးထား၍ ထုတ်ပေးခဲ့ပြီး ဖြစ်ပါသည်။ မည်သည့် Test Voucher မဆို ဖုန်းဖြင့် ပြသခြင်းအား ခွင့်မပြုပါ။ မည်သည့်စာဖြေဌာနမဆို test voucher တွင် ပါရှိသော စာဖြေဌာနလိပ်စာများ သို့ မနက်(၈)နာရီ တွင်ရောက်ရှိရပါမည်။ ၁) စာမေးပွဲနေ့တွင် စာဖြေသူများအားလုံးသည် စာမေးပွဲဖြေဆိုခွင့်ကဒ်ပြား (Test Voucher) နှင့် အောက်ဖော်ပြပါ သက်သေခံကတ်ပြားမူရင်းတခုခု အား မဖြစ်မနေယူဆောင်လာရပါမည်။ ဖုန်းဖြင့် ပြသခြင်းအား ခွင့်မပြုပါ။ Test Voucher နှင့် သက်သေခံကတ်ပြားမူရင်း မပါရှိပါကဖြေဆိုခွင့် မရှိပါ။ (က) မှတ်ပုံတင် (၁၀ နှစ်ပြည့်ဖြစ်စေ၊ ၁၈ နှစ်ပြည့်ဖြစ်စေ အကျုံးဝင်ပါသည်) (ခ) သက်တမ်းရှိ နိုင်ငံကူးလက်မှတ် (ဂ) သက်တမ်းရှိ ယာဉ်မောင်းလိုင်စင် (အမည် နှင့် မွေးသက္ကရာဇ် မပါသောလိုင်စင်များ အကျုံးမဝင်ပါ) (ဃ) မွေးစာရင်း (၁၀ နှစ်အောက် လျှောက်လွှာတင်သူများအတွက်သာ) (င) သာသနာဝင်စိစစ်ရေးကတ်ပြား၊ သာသနာနွယ်ဝင်စိစစ်ရေးကတ်ပြား (ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင်များစသည်တို့အတွက်) Manual Test Voucher ပျောက်ဆုံးပျက်စီးခြင်း လူကိုယ်တိုင်လာရောက်ထုတ်ယူထားသော Manual Test Voucher များ ပျောက်ဆုံး/ပျက်စီးပါက စာမေးပွဲ ဖြေဆိုသည့်နေ့တွင် စာဖြေဌာနရှိ ရုံးခန်းတွင် ပြန်လည်ထုတ်ယူရမည်ဖြစ်ပါသည်။ (မှတ်ပုံတင်မူရင်းနှင့် ဓါတ်ပုံ(၂)ပုံ ယူဆောင်လာရန်လိုအပ်ပါသည်။) သက်သေခံကတ်ပြား/ID ပျောက်ဆုံးပျက်စီးခြင်း မဖြစ်မနေယူဆောင်လာရန်လိုအပ်သော သက်သေခံကတ်ပြား/ID မူရင်း ပျောက်ဆုံးပျက်စီးပါက (၃) လအတွင်း ထုတ်ယူထားသော ရပ်ကွက်/ရဲစခန်း ထောက်ခံစာမူရင်းနှင့် သက်သေခံကတ်ပြား/ID မိတ္တူ(၁)စောင်အား ယူဆောင်လာရန် လိုအပ်ပါသည်။ ၂) Test Voucher တွင်ပါရှိသော ခုံနံပါတ်၊ နေရာ၊ အချိန် ၊ နေ့ရက်အတိုင်း လာရောက်ဖြေဆို ရပါမည်။ စာဖြေဌာနနေရာသို့ ရောက်ရှိသည့်အခါ ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်ပြီး၊ လမ်းညွှန်ပေးသည့် နေရာများတွင် စောင့်ဆိုင်းပါ။ ကျောင်းဝင်းပြင်ပတွင် လူစုလူဝေး ဖြစ်ပေါ်စေရန် မပြုလုပ်ပါနှင့်။ ၃) ရိုးရိုးခဲတံ 2B, HP (ဘောပင်၊ ခဲသားဘောပင် လုံးဝအသုံးပြုခွင့်/ယူဆောင်လာခွင့်မရှိပါ)၊ ခဲဖျက်၊ ချွန်စက်၊ ID card (လျှောက်ထားစဉ်က ပူးတွဲတင်ပြထားသော မှတ်ပုံတင်၊ ကားမောင်းလိုင်စင်၊ Passport စသည်) နှင့် အခြားလိုအပ်သည်များအား ဖိုင်အိတ်အကြည် များဖြင့်သာ ထည့်သွင်းယူဆောင်လာရန်။ ၄)ကျောပိုးအိတ်နှင့် လက်ကိုင်အိတ်များအား စာဖြေဌာနဝင်းအတွင်းသို့ လုံးဝ ယူဆောင်လာခွင့်မပြုပါ။ ယူဆောင်လာသည့် ကျောပိုးအိတ်နှင့် လက်ကိုင်အိတ်များအား မိမိတာဝန်ဖြင့်သာ ကျောင်းဝန်းပြင်ပတွင် ထားခဲ့ရမည် ဖြစ်သည်။ ၅) ဂျပန်စာသား/စကားလုံးများ ပါသော အဝတ်အစားများ၊ အသုံးအဆောင်ပစ္စည်းများ ဝတ်ဆင်/ယူဆောင်လာခြင်း မပြုရပါ။ ၆) ကား၊ ဆိုင်ကယ်၊ စက်ဘီး၊ တယ်လီဖုန်းနှင့် တခြားတန်ဖိုးရှိပစ္စည်းများအား ယူဆောင်လာပါက မိမိတာဝန်သာဖြစ်ပြီး ပျောက်ဆုံး၊ ပျက်စီးမှုများနှင့် ယူဆောင်လာခြင်းကြောင့် ဖြစ်ပေါ်လာသော ကိစ္စရပ်များအတွက် စာမေးပွဲကျင်းပရေး ကော်မတီ မှ တာဝန်ယူ ဆောင်ရွက်ပေးမည် မဟုတ်ပါ။ ၇) တယ်လီဖုန်းယူဆောင်လာခြင်းမပြုရန် တိုက်တွန်းပါသည်။ မဖြစ်မနေ ယူဆောင်လာရမည်ဆိုပါက နှိုးစက် (Alarm) Setting များအား ပိတ်၍ ဖုန်းအား Power Off လုပ်ထားရမည်ဖြစ်ပါသည်။ Vibration Mood, Silent Mood, Airplane Mood များ ပြုလုပ်ထားခြင်းအား ခွင့်မပြုပါ။ စာဖြေခန်းအတွင်းတွင် ဖုန်းအား Power Off ပြုလုပ်ပြီး၊ ပလတ်စတစ်အိတ်အတွင်းသို့ ထည့်သွင်းကာ စားပွဲခုံအောက်စသည့် လက်လှမ်းမမှီသည့်နေရာတွင် ထားရှိရပါမည်။ စာမေးပွဲဖြေဆိုနေချိန်တွင် တယ်လီဖုန်း အသုံးပြုခြင်း၊ အသံမြည်ခြင်း၊ အသံဖမ်းယူခြင်း၊ ဓါတ်ပုံရိုက်ခြင်းများအား တားမြစ်ထားပြီး၊ ကျူးလွန်ပါက မသမာသူ (Missed Conduct) အဖြစ်သတ်မှတ်ပြီး အောင်စာရင်းထွက်ရှိမည်မဟုတ်ပါ။ ၈) ကူးစက်ရောဂါ ပြန့်ပွားမှု ထိန်းချုပ်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စာဖြေဌာနအတွင်း ပြုမူနေထိုင်ကြပါရန်။
JLPT စာမေးပွဲကျင်းပရေးကော်မတီ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း
(2) 2024 December JLPT စာမေးပွဲအတွက် နာမည်၊ မွေးသက္ကရာဇ် နှင့် ကျား/မ အမှားပြင်ဆင်လိုသူများနှင့်ပတ်သတ်၍
နာမည်၊ မွေးသက္ကရာဇ် ပြင်ဆင်လိုသူများအနေဖြင့် ဒီဇင်ဘာလ(၁)ရက် စာမေးပွဲဖြေဆိုသည့်နေ့ စာမေးပွဲ section အားလုံးဖြေပြီးချိန်တွင် ဖြေဆိုရမည့် Test Site ရှိ Office မှ သတ်မှတ်ထားသော နေရာတွင် စာဖြေသူကိုယ်တိုင် သွားရောက်ပြင်ဆင်ရပါမည်။
လိုအပ်သည့်အချက်များ
၁. Test Voucher မူရင်း
၂. သက်သေခံကဒ်ပြား မူရင်း (Passport, Driving License ကားလိုင်စင်အမျိုးအစား B, C, D, E , နိုင်ငံသားသက်သေခံကဒ်)
စာမေးပွဲနေ့ ပြင်ဆင်ရန်သတ်မှတ်ထားသည့်ရုံးခန်းတွင် အောက်ပါနမူနာဇယားပုံစံအတိုင်းဖြည့်သွင်း၍ပြင်ဆင်လျှောက်ထားရမည်။
မှတ်ချက်
၁။ အမှားပြင်ဆင်သည့်ဖောင်တွင်အချက်အလက်များအားလုံးကို စာဖြေသူကိုယ်တိုင် ဖြည့်သွင်းရေးသားရမည်။
၂။ အမည်နှင့် မွေးသက္ကရာဇ်အနက်မှ တစ်မျိုးသာလျှင် ပြင်ဆင်ခွင့်ရှိပါသည်။ သက်သေခံကဒ်နှင့် Test Voucher တွင် ပါရှိသည့် အမည်၊ မွေးသက္ကရာဇ် များ လုံးဝကွဲလွဲနေပါက ပြင်ဆင်ခွင့်မရနိုင်ပါ။
၃။ အမှားပြင်ဆင်လိုသူသည် အမည်စာလုံးပေါင်းမှားယွင်းမှုမရှိစေရန် Passport, ဘွဲ့လက်မှတ် များတွင် အသုံးပြုသည့်အတိုင်း သေချာစွာဖြည့်သွင်းပေးပါ။
၄။ အမှားပြင်ဆင်ခြင်းအားစာမေးပွဲဖြေဆိုသည့်နေ့ (၁.၁၂.၂၀၂၄) တွင်သာ လက်ခံမည်ဖြစ်ပြီး၊ အောင်လက်မှတ် ထွက်ရှိမည့် ကာလအထိ အမှားပြင်ဆင်ခြင်းလျှောက်ထားမှုအား လက်မခံပါ။
၅။ အောင်လက်မှတ်ထွက်ရှိပြီးနောက်ပိုင်းမှ အမှားပြင်ဆင်ရန် လျှောက်ထားသူများသည် ပြင်ဆင်ခြင်းအတွက် ၂လမှ ၆လအထိ ကြာမြင့်မည် ssဖြစ်ပြီး၊ အမှားပြင်ဆင်ခြင်းလျှောက်ထားသူဦးရေ များပြားသည့်အပေါ်တွင် မူတည်၍ ပိုမိုကြာမြင့်ခြင်းရှိနိုင်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
၆။ အောင်လက်မှတ်တခုအား တကြိမ်သာ ပြန်လည်ပြင်ဆင်ရန် လျှောက်ထားနိုင်ပြီး လျှောက်ထားသည့် အခါတွင်လည်း စာမေးပွဲနေ့မှစတင်၍ တစ်နှစ်အတွင်းအကြုံးဝင်သော အောင်လက်မှတ်များသာ ပြင်ဆင်ခွင့်ရှိပါသဖြင့် မိမိပြင်ဆင်လိုသည်အား သေချာစွာ စစ်ဆေးလျှောက်ထားရန် လိုအပ်ပါသည်။
JLPT စာမေးပွဲကျင်းပရေးကော်မတီ
မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း